- ホーム
- ဂျပန်တွင်အမှိုက်ပစ်သည့်အခါ သိထားသင့်သည့် အမှိုက်ခွဲပုံခွဲနည်းနှင့် ပစ်ပုံပစ်နည်းများ
ဂျပန်တွင်အမှိုက်ပစ်သည့်အခါ သိထားသင့်သည့် အမှိုက်ခွဲပုံခွဲနည်းနှင့် ပစ်ပုံပစ်နည်းများ
ရောမရောက် ရောမလိုကျင့်ဆိုသလို ဂျပန်နိုင်ငံရောက်ရင် ဂျပန်နိုင်ငံရဲ့ အမှိုက်ပစ်ပုံပစ်နည်းတွေကို လိုက်နာကျင့်သုံးဖို့လိုပါတယ်နော်။ အောက်ကပုံထဲကအမှိုက်ပစ်ဇယားကတော့ အမှိုက်ပစ်ပုံပစ်နည်းနှင့် အမှိုက်သိမ်းမည့်ရက် အမှိုက်ခွဲခြားပုံခွဲခြားနည်း စသည့်အမှိုက်ပစ်ဇယားကို ဘာသာပြန်ပြထားပါတယ်။
နေရာအပေါ်မူတည်ပြီး အမှိုက်လာသိမ်းတဲ့ရက်တွေက မတူတဲ့အတွက် မိမိနေထိုင်တဲ့နေရာ ရပ်ကွက်ရဲ့အမှိုက်ပစ်တဲ့ ရက်တွေကိုကြည့်ပြီး အမှိုက်ပစ်နိုင်ပါသည်။ မိမိနေထိုင်တဲ့နေရာရဲ့ အမှိုက်လာသိမ်းမည့်ရက်ကို မသိပါက ~~မြို့ရဲ့ ごみの分け方・出し方 ဆိုပြီး အင်တာနက်ကနေရှာလိုက်ရင် သက်ဆိုင်ရာမြို့နယ်ရုံးက ထုတ်ပြန်ထားတဲ့ အမှိုက်ပစ်ပုံပစ်နည်းနဲ့ အမှိုက်သိမ်းမည့် ပြက္ခဒိန်ကို ရှာလို့ရနိင်ပါတယ်။
စည်းနဲ့ကမ်းနဲ့ စနစ်တကျအမှိုက်ပစ်နိုင်မယ်ဆိုလျှင် မိမိရော အိမ်နီးနားချင်းကလူတွေအတွက်ပါ သန့်ရှင်းကောင်းမွန်တဲ့ နေထိုင်စရာပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အမှိုက်သိမ်းစနစ်ဟာ အရမ်းစည်းစနစ်ကျပြီး သန့်ရှင်းသပ်ရပ်တဲ့အတွက် ကျွန်မတို့မြန်မာနိုင်ငံကိုလဲ ဂျပန်နိုင်ငံအလားတူ စည်းစနစ်ကျကျနဲ့ သန့်ရှင်းသပ်ရပ်စေချင်တာအမှန်ပါ။
ဂျပန်နိုင်ငံက အမှိုက်တွေကို recycleလုပ်ပြီး နေ့စဥ်လူနေထိုင်မှုဂေဟစနစ်အတွက် ပြန်လည်အသုံးပြုနေတာဖြစ်တဲ့အတွက်ကြောင့် မီးရှို့လို့ရတဲ့အမှိုက်၊ မီးရှို့လို့မရတဲ့အမှိုက်၊ recycleပြန်လုပ်လို့ရတဲ့ပလပ်စတစ်၊ မီးလောင်ရင်အန္တရာယ်များတဲ့ ပေါက်ကွဲတတ်တဲ့Gasဗူးတွေ၊ ကွဲတတ်တဲ့ဖန်ပစ္စည်းပုလင်းတွေ အရမ်းကြီးမားတဲ့အမှိုက်တွေ 粗大ごみ(sodaigomi) ဥပမာ~ (ရေခဲသေတ္တာ, microwave, စက်ဘီး မွေ့ယာ၊ ကုတင်၊ စားပွဲ၊ ဘီရို၊ ဖုန်စုတ်စက်) စတဲ့ မီးရှို့လို့မလွယ်တဲ့ အမှိုက်ကြီးကြီးတွေစသဖြင့် အသေးစိတ်ကို ခွဲခြားထားပါတယ်။
粗大ごみ(sodaigomi)အမှိုက်အရွယ်အစားတွက်ချက်ပုံကိုတော့ နေရာဒေသနှင့် အမှိုက်အရွယ်အစားပေါ်မူတည်ပြီ ကုန်ကျငွေကွာခြားနိုင်တာမို့လို့ မိမိနေထိုင်ရာမြို့နယ်ရုံးကို ဖုန်းဆက်ပြီးကုန်ကျငွေကို မေးတာအကောင်းဆုံးပါ။ ခွဲခြားပုံခွဲခြားနည်းနှင့် ပစ်ပုံပစ်နည်းကီု အောက်က ပုံထဲကဇယားမှာ ရှင်းပြထားပါတယ်။
ဂျပန်မှာ သတ်မှတ်ထားတဲ့အတိုင်းအမှိုက်မပစ်ပဲ ပြီးစလွယ်ပစ်စလပ်ခတ်ပစ်ရင်တော့ အမှိုက်လာသိမ်းတဲ့သူတွေက အမှိုက်ကိုမသိမ်းပေးပါဘူးနော်။ အဲလိုဆိုရင် မိမိနေထိုင်ရာအဆောက်အအုံက အမှိုက်ပရပွနဲ့ဖြစ်ပြီး ကျန်တဲ့အခန်းကလူတွေလဲ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
နောက်ဆက်တွဲပြဿနာက ဘာဖြစ်နိုင်လဲဆိုတော့ ဘေးပတ်ဝန်းကျင်ကအိမ်တွေရဲ့ အတိုင်ခံရတာမျိုးတွေဖြစ်ပြီး မိမိကိုငှားနေတဲ့အိမ်ရှင်က အိမ်ကိုဆက်မငှားတော့တာမျိုးတွေ ဖြစ်တတ်တဲ့အတွက်ကြောင့် တတ်နိုင်သလောက် သန့်သန့်ရှင်းရှင်း နေကြဖို့တိုက်တွန်းချင်ပါတယ်။
ထို့အပြင် မိမိအခန်း/ ပတ်ဝန်းကျင်အိမ်ပတ်လည်မှာ အမှိုက်ပရပွဖြစ်နေပြီး ဘီယာဗူး၊ အချိုရည်ဗူးတွေကိုလဲ ရေနဲ့ကျင်းပြီး မပစ်ဘူးဆိုရင် ပိုးဟပ်တွေလဲလာနေနိုင်ပါတယ်။
ဂျပန်ကပိုးဟပ်တွေက သေးသေးလေးနဲ့ ပွားနှုန်းကလဲအရမ်းမြန်တဲ့အတွက်ကြောင့် အလုပ်တွေပင်ပန်းရတဲ့အထဲ ပိုးဟပ်ပြဿနာက ပိုပြီးစိတ်ပင်ပန်းစေမှာဖြစ်တဲ့အတွက် တတ်နိုင်သလောက် သန့်သန့်ရှင်းရှင်းနေကြဖို့ တိုက်တွန်းချင်ပါတယ်။
အမှိုက်ခွဲခြားပုံခွဲခြားနည်းနဲ့ ပစ်ပုံပစ်နည်းတွေကို အသေးစိတ်ဘာသာပြန်ထားပေးတဲ့အတွက် အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကို လှပသန့်ရှင်းတဲ့ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲနေထိုင်ကြရအောင်နော်။
ဂျပန်နိုင်ငံက ဘယ်နေရာကြည့်ကြည့် သန့်ရှင်းသပ်ရပ်တဲ့အတွက် နေချင်စရာကောင်းတယ်ဆိုရင် ကျွန်မတို့တွေလဲ ဂျပန်လူမျိုးတွေနည်းတူ သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးကြရအောင်ပါ။ ဂျပန်မှာရှိနေတဲ့ မြန်မာလူမျိုးတွေ အဆင်ပြေစေချင်တဲ့ရည်ရွယ်ချက်၊ ဂျပန်မှာရှိနေတဲ့ မြန်မာလူမျိုးတွေအတွက် အနည်းငယ်ပဲဖြစ်ဖြစ် အထောက်အကူဖြစ်ပါစေဆိုတဲ့ ရယ်ရွယ်ချက်နဲ့ မိမိလေ့လာသိရှိထားသလောက်ကို ရေးသားမျှဝေရခြင်းဖြစ်ပါသည်။
copyright 2019 ARBEIT-TIMES CO.,LTD