- ホーム
- ဂျပန်တွေရဲ့အိမ်ကို အလည်သွားတဲ့အခါ သတိထားရမည့်အချက်များ အပိုင်း(၁)
ဂျပန်လူမျိုးတစ်ယောက်ကနေ အိမ်အလည်အဖိတ်ခံရလို့ အိမ်အလည်သွားတဲ့အခါ သိထားသင့်သည့် သတိထားရမည့်အချက်များကို ဗဟုသုတအနေဖြင့် မျှဝေလိုက်ပါတယ်။ ဂျပန်တွေရဲ့ အိမ်ကိုအလည်သွားတော့မယ်ဆိုရင် မသွားခင်ကနေ အိမ်လည်နေတဲ့အချိန်နဲ့ သွားပြီးမိမိအိမ်ကိုပြန်တဲ့အချိန်အထိ သတိထားရမည့် အချက်များကို ပြောပြပါရစေနော်။ ကိုယ်တိုင်လဲ ဂျပန်လူမျိုးရဲ့အိမ်မှာ အဆောင်နေနေတဲ့အတွက်ကြောင့် ဂျပန်လူမျိုးတွေရဲ့ သင်ပြမှုနဲ့ ကိုယ်တိုင်လေ့လာထားတဲ့အချက်တွေကို အထောက်အကူဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗဟုသုတမျှဝေလိုက်ပါတယ်။

အဝတ်အစားရွေးချယ်ပုံ
အိမ်အလည်မသွားခင် မိမိဘက်ကနေ ပြင်ဆင်ရမယ့်အချက်တွေကတော့ အဝတ်အစားဖြစ်ပါတယ်။ သူများအိမ်ကို သွားလည်မှာဖြစ်တဲ့အတွက် အရမ်းတိုလွန်းပြတ်လွန်းတဲ့ အဝတ်အစား၊ ပွဲသွားတက်တာမဟုတ်တဲ့အတွက် တောက်ပလွန်းလှလွန်းတဲ့ အဝတ်အစားတွေကို ဝတ်ဖို့မသင့်တော်ပါဘူးနော်။ တချို့အိမ်တွေမှာက 和室(畳の部屋) ဂျပန်စတိုင်ဖျာတွေနဲ့အခန်း ရှိတဲ့အတွက်ကြောင့် ထိုင်ရထရလွယ်ကူပြီး လုံခြုံတဲ့အဝတ်အစားတွေကို ရွေးခြယ်ဝတ်သင့်ပါတယ်။

ဘယ်အချိန်မျိုးမှာသွားသင့်ပါသလဲ???
နိုင်ငံနဲ့အလိုက် အလေ့အကျင့်တွေကွာခြားတာတွေရှိတဲ့အတွက် ဘယ်လောက်ပဲ ရင်းနှီးတဲ့သူဖြစ်ပါစေ ဘယ်လောက်ပဲ အိမ်ချင်းကပ်လျှက်ပဲဖြစ်နေပါစေ ကြိုမပြောပဲနဲ့ ရုတ်တရက်ကြီး သူများအိမ်ကို သွားလည်တာမျိုးတွေ ဂျပန်မှာမလုပ်ရဘူးနော်။ ဘယ်လောက်ပဲခင်နေပါစေ ရုတ်တရက်ကြီး အိမ်ကိုရောက်သွားတာတို့ လမ်းကြုံလို့ဝင်လာတာမျိုးတွေက ယဥ်ကျေးမှုမရှိရာရောက်ပါတယ်နော်။ အကယ်လို့ အဖိတ်ခံရလို့ အလည်သွားမယ်ဆိုရင်တောင် တဖက်လူ အိမ်ရှင်ဘက်ကနေ ပြင်ဆင်စရာတွေ ရှိနေတဲ့အတွက်ကြောင့် ချိန်းထားတဲ့အချိန်ထက် ၁၀မိနစ်လောက်စောပြီး ရောက်သွားရင် အိမ်ရှင်အတွက် အခက်အခဲဖြစ်ပါတယ်နော်။ အကြောင်းအမျိုးမျိုးကြောင့် ၁၅မိနစ်၊နာရီဝက်လောက် နောက်ကျမယ်ဆိုရင်လဲ နောက်ကျမည့်အကြောင်းကို အကြောင်းကြားဖို့မမေ့ပါနဲ့နော်။ အကြောင်းမကြားပဲနောက်ကျနေရင် စောင့်နေရတဲ့သူတွေစိတ်ပူတတ်လို့ပါ။ ချိန်းထားတဲ့အချိန်အတိအကျမဟုတ်ဘူးဆိုရင်တောင် ၅မိနစ်လောက် စောပြီးရောက်သွားတာက အကောင်းဆုံးပါနော်။

အိမ်တံခါး၊ インターホン(Bell)ကိုနှိပ်တဲ့အခါ
インターホン(Bell)ကိုမနှိပ်ခင် မိမိရဲ့အဝတ်အစား၊ဆံပင်ကို အရင်သပါ ဒါကလဲ တဖက်လူရဲ့အမြင်မှာ ကိုယ့်ရဲ့ Imageကောင်းနေအောင်ပါ။ ဆောင်ဦးတို့ ဆောင်းရာသီတို့မှာဝတ်တဲ့ ကုတ်အင်္ကျီတွေဝတ်သွားတယ်ဆိုရင် အိမ်မဝင်ခင်မှာချွတ်ပြီး ဖုန်ခါပါ။ အပြင်ကကိုယ့်ဆီကနေပါလာတဲ့ ဖုန်တွေကို တဖက်လူရဲ့အိမ်ထဲ မဝင်စေချင်ဘူးဆိုတဲ့ ကိုယ့်ရဲ့ တဖက်လူအပေါ်အလေးထားတဲ့စိတ်ကို ဖော်ပြရာရောက်ပါတယ်။ ဖုန်ခါပြီးကုတ်အင်္ကျီကိုခေါက်ပြီး လက်တစ်ဖက်မှာချိတ်ထားတာ ကောင်းပါတယ်နော်။ Bell ကိုနှိပ်ပြီး တံခါးဖွင့်ပေးပြီဆိုရင် 「この度はお招きいただきありがとうございます」 အိမ်အလည်ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောပါ။ အိမ်ရှင်က ဝင်ပါလို့ပြောပြီးအိမ်ထဲဝင်တဲ့အခါ「お邪魔します」နှောင့်ယှက်ပါတော့မယ်၊ 「失礼します」ခွင့်ပြုပါဆိုပြီး နှုတ်ဆက်စကားပြောပါ။

အိမ်အဝင်ဖိနပ်ချွတ်တဲ့အခါဘယ်အချက်မျိုးကို သတိထားသင့်ပါသလဲ???
အနောက်နိုင်ငံတွေနဲ့ကွာတဲ့အချက်က ဂျပန်တွေက玄関(げんかん) အိမ်ဝင်ပေါက်မှာ ဖိနပ်ကိုချွတ်ပြီးတော့မှ အိမ်ထဲဝင်တဲ့အလေ့အကျင့်ရှိပါတယ်နော်။ ☆ဖိနပ်ကိုချွတ်ရမှာဖြစ်တဲ့အတွက် ပေကျံနေတဲ့ခြေအိတ်တို့ အပေါက်ပါတဲ့ခြေအိတ်တို့ဆိုရင် မဝတ်သွားနဲ့နော် ရှက်စရာကြီး။ ဖိနပ်ကိုချွတ်တဲ့အခါတွင်လဲ အိမ်ရှင်ဖက်ကို ကျောပေးပြီးချွတ်ရင် ရိုင်းတာမို့လို့ အိမ်ရှင်ကိုမျက်နှာမူပြီးဖိနပ်ကိုချွတ်ပါမယ်နော်။ ဖိနပ်ကိုချွတ်ပြီးတော့မှ အိမ်ရှင်က 「どうぞ、お入りください」ဝင်ပါလို့ပြောရင် အိမ်ပေါ်တက်ပြီး အိမ်ရှင်ကိုကျောမခိုင်းပဲ ဖိနပ်ရဲ့တည်နေရာကိုပြင်ပါမယ်နော်။ ဒါကအရမ်းအရေးကြီးတဲ့အချက်ပါ။ ဖိနပ်ရဲ့မျက်နှာမူရာကို ပြင်တဲ့အခါ... အိမ်အတွင်းဘက်ကိုကျောခိုင်းပြီး အိမ်အဝင်ဝကိုမျက်နှာမူပြီးထားရပါမယ်နော်။ ဘာလို့အိမ်အဝဘက်ကို ဦးတည်ပြီးဖိနပ်ချွတ်ခိုင်းတာလဲဆိုတော့ ခနလေးပဲအလည်လာပြီး ပြန်ထွက်မယ် တဖက်လူရဲ့အိမ်မှာ ကြာကြာဒုက္ခမပေးဘူးဆိုတဲ့အဓိပ္ပါယ်ပါ။ ပြန်ထွက်တဲ့အခါကျရင်လဲ အလွယ်တကူဖိနပ်စီးလို့ရတာလဲပါပါတယ်။ ကိုးရီးယားမှာဆိုရင်တော့ဒါဟာ အိမ်ရှင်က မြန်မြန်ပြန်ခိုင်းတယ်ဆိုပြီး ယူဆပေမယ့် ဂျပန်မှာကျတော့ ဒါက ယဥ်ကျေးမှုပါ။ နိုင်ငံအလိုက်ယဥ်ကျေးမှုကွာတာက စိတ်ဝင်စားဖို့ကောင်းတယ်နော်။ တစ်ခုသတိထားရမှာက ဖိနပ်ထားတဲ့အခါမှာ အိမ်အဝင်ဝရဲ့အလယ်တည့်တည့်မှာ မထားပဲနဲ့ ဘေးဘက်ထောင့်မှာ ကပ်ပြီးထားတာက အဝင်အထွက်လူတွေအတွက် အနှောင့်အယှက်မဖြစ်တော့ပါဘူးနော်။ တချို့အိမ်ကတော့ အိမ်ပေါ်မှာစီးတဲ့ စလစ်ပါဖိနပ်အပါးလေးတွေ ပြင်ဆင်ထားပေးတတ်ပေမယ့် တချို့အိမ်ကတော့မရှိပါဘူးနော်။
မိမိရဲ့ပစ္စည်းတွေကိုဘယ်နေရာမှာထားသင့်ပါသလဲ???
အိမ်ကိုဝင်ပြီးလို့ ကိုယ့်ရဲ့အိတ်တွေကုတ်အင်္ကျီတွေကို တွေ့တဲ့နေရာမှာမထားပါဘူးနော်။ စားပွဲပေါ်တင်တာတို့ ဆိုဖာပေါ်တင်တာတို့က ရိုင်းရာကျပါတယ်။ ပုံမှန်အားဖြင့် စားပွဲနဲ့အခန်းဆိုရင် ကိုယ်ထိုင်တဲ့ထိုင်ခုံရဲ့အောက်၊ 和室、畳နဲ့အခန်းဆိုရင် ကိုယ့်ရဲ့ဘေးမှာ အိတ်ကိုချပြီး အိတ်ရဲ့အပေါ်မှာ ကုတ်အင်္ကျီကို တင်တာက ယဥ်ကျေးရာရောက်ပါတယ်။ ကျန်တဲ့သိထားသင့်တဲ့အချက်များကိုတော့ နောက်အပတ်မှာ အပိုင်း(၂)တင်သွားမှာဖြစ်တဲ့အတွက်ကြောင့် စောင့်ပြီးအားပေးကြပါအုံးလို့ မှာချင်ပါတယ်.......
copyright 2019 ARBEIT-TIMES CO.,LTD