ဒီအပတ်ရဲ့ Business Manner အပိုင်း(၃)မှာတော့ 知らないと大変! ဆိုတဲ့အတိုင်း သင်မသိထားရင်အခက်အခဲဖြစ်မယ့် ဂျပန်တွေရဲ့ သူများနဲ့မတူတမူထူးခြားနေတဲ့ အလေ့အထလေးတစ်ခုကို ပြောပြချင်ပါတယ်နော်။
အဲဒါကတော့ အထက်လူကြီးစီနီယာနဲ့ အောက်ကဂျူနီယာတို့ကြားက တစ်ယောက်နဲ့တစ်ယောက် ဦးစားပေး နေရာပေးတဲ့ အလေ့အကျင့်ပါပဲ။
ဂျပန်ကုမ္ပဏီတွေမှာအလုပ်ဝင်တော့မယ်ဆိုလျှင် ကိုယ့်ထက်ရာထူးကြီးတဲ့သူတွေကို နေရာပေးရာတွင် ဆောင်ရန်ရှောင်ရန်အချက်များကို ပြေပြပေးသွားပါမယ်နော်။
ဂျပန်မှာတစ်ယောက်ကိုတစ်ယောက်ဦးစားပေး နေရာပေးတာဟာ အခြေအနေတော်တော်များများ ရှိပါတယ်။
ဥပမာ အလုပ်ကလူတွေနဲ့စားသောက်ပွဲသွားတဲ့အခါ၊ Taxi စီးတဲ့အခါ၊ အစည်းအဝေးထိုင်တဲ့အခါ၊ ဓါတ်လှေကားစီးတဲ့အခါ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘအခမ်းအနား၊ စသဖြင့်စသဖြင့် သိထားသင့်တဲ့အရာတွေအများကြီးရှိပါတယ်။
အဲဒီအထဲကမှ အလုပ်လုပ်တဲ့အခါမှာ သတိထားရမယ့်အချက်တွေကို ဗဟုသုတအနေနဲ့ ပြောပြပါရစေနော်….
ဦးစားပေးနေရာ....ဆိုတဲ့နေရာမှာ 上座(かみざ)အထက်လူကြီးအတွက်နေရာ နှင့် 下座(しもざ)ဂျူနီယာလေးတွေနေတဲ့နေရာ ဆိုပြီး၂မျိုးရှိပါတယ်။
上座(かみざ)နဲ့ 下座(しもざ)ဆိုတာဘာလဲ???
上座(かみざ)ဆိုတာကတော့ နေရာတစ်နေရာမှာ အန္တရာယ်အကင်းဆုံးနဲ့ အလုံခြုံဆုံးနေရာဖြစ်ပါတယ်။
ဥပမာ အဝင်အထွက်အပေါက်နဲ့ အဝေးဆုံးမှာရှိတဲ့ အခန်းရဲ့ထောင့် အစွန်ဆုံးနေရာကိုပြောတာြစ်ပါတယ်။
上座ကို အထက်လူကြီးတွေနဲ့ ဧည့်သည်တွေကို နေရာပေးလေ့ရှိပါတယ်။
ဂျပန်မှာက ဟိုးအရင်ကတည်းက ဧည့်ခန်းရဲ့ အတွင်းဘက်ဆုံးအပိုင်းမှာ 床の間(တိုခိုနိုမ) လို့ခေါ်တဲ့ နေရာလေးရယ် ဘုရားစင်ရယ်စသဖြင့် အလေးထားရတဲ့အရာတွေကို ထားတတ်တဲ့ယဥ်ကျေးမှုရှိတယ်။
အဲဒါကြောင့်မို့လို့ အထက်လူကြီးတွေ Customer တွေကို အလေးထားရတဲ့နေရာမှာ ထိုင်စေခြင်းဖြင့်လေးစားကြောင်းကို ပြသတဲ့ အလေ့အထတစ်ခုဖြစ်လာတယ်။
下座(しもざ)ကတော့ ပြောင်းပြန်၊ အဝင်အထွက်အပေါက်နဲ့ အနီးဆုံးနေရာကိုပြောတာဖြစ်ပါတယ်။
下座မှာတော့ အခုမှအလုပ်ဝင်တဲ့သူတွေ ပွဲကိုစီစဥ်သူတွေ တနည်းအားဖြင့် 上座မှာထိုင်တဲ့အထက်လူကြီးအတွက် ဧည့်ဝတ်ပြုတဲ့သူကထိုင်တဲ့နေရာဖြစ်ပါတယ်။
နောက်ပြီးတော့ အဝင်အထွက်နေရာက လူတွေလာရင် ဖယ်ပေးရတာမျိုးတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ အထက်လူကြီးကိုမထိုင်စေပါဘူးနော်။

အလုပ်ကလူတွေနဲ့စားသောက်ဆိုင်သွားတဲ့အခါ
အကယ်လို့ပုံထဲကလို ၆ယောက်သွားတယ်ဆိုရင် အဝင်အထွက်အပေါက်ရဲ့အဝေးဆုံးမှာရှိတဲ့ ထိုင်ခုံ ၊အေးအေးဆေးဆေးထိုင်နိုင်မယ့်နေရာကို အကြီးဆုံးအထက်လူကြီးကို နေရာပေးရပါမယ်။
ပုံမှာအဝိုင်းလေးတွေမှာ နံပါတ်စဥ်တပ်ထားတဲ့အတိုင်း ၁ကရာထူးအကြီးဆုံး ၆က အငယ်ဆုံးဂျူနီယာပါ။
အငယ်ဆုံးလူက အဝင်ပေါက်နေရာမှာထိုင်ပြီး စားပွဲထိုးကယူလာတဲ့ ပန်းကန်တွေကိုကမ်းပေးတာမျိုးတွေ စားပြီးတဲ့ပန်းကန်တွေကို သိမ်းပေးတာမျိုးတွေ အော်ဒါမှာပေးတာမျိုးတွေ စသဖြင့် အထက်လူကြီးတွေရဲ့အရိပ်အခြေအနေကိုကြည့်ပြီး ဧည့်ဝတ်ပြုရပါတယ်။
ကိုယ်ကလဲအခုမှအလုပ်စဝင်တဲ့ ဂျူနီယာဖြစ်သေး အထက်လူကြီးထိုင်တဲ့နေရာမှာ သွားထိုင်မိရင် ကျင့်ဝတ်မသိတတ်တဲ့လူလို့ အထင်ခံရနိုင်တဲ့အတွက် သတိထားသင့်ပါတယ်နော်။
၃ယောက်သွားတယ်၊ ကောင်တာထိုင်ခုံမှာထိုင်မယ်ဆိုရင်တော့ ရာထူးအကြီးဆုံးလူကို အလယ်မှာထိုင်ခိုင်းပြီး သူ့ရဲ့ ညာဘက်မှာက နံပါတ်၂ နဲ့ ဘယ်ဘက်မှာတော့ နံပါတ်၃လူထိုင်ရပါမယ်။

မြန်မာပြည်မှာတုန်းက မိသားစုနဲ့ကားစီးတဲ့အခါ အရှေ့ဆုံးခုံကို ခေါင်းခန်းဆိုပြီး ဦးစားပေးထိုင်ခုံအဖြစ် အသက်အကြီးဆုံး အဘွားကို အမြဲတမ်းအရှေ့ဆုံးခုံမှာ နေရာပေးတဲ့ အဖြစ်ကိုသွားပြီးသတိရတယ်။ အဲဒီအတိုင်းတာ ဂျပန်ရဲ့ကုမ္ပဏီမှာ အလုပ်နဲ့တစ်နေရာရာသွားတဲ့အခါ အထက်လူကြီးကို အရှေ့ဆုံးခုံမှာ နေရာပေးမိရင်တော့ သွားပြီပဲ။ ဘာလို့လဲဆိုတော့ ပုံမှာပြထားတဲ့အတိုင်း နံပါတ်အလိုက် ကြီးစဥ်ငယ်စီထားပါတယ်။ ဂျပန်မှာ Taxi စီးတဲ့အခါမှာ ရာထူးအကြီးဆုံး အထက်လူကြီးကို ယာဥ်မောင်းရဲ့အနောက်တည့်တည့်မှာ နေရာပေးရပါမယ်။ ဘာလို့လဲဆို့တော့ အန္တရာယ်တစ်ခုခုဖြစ်လာရင် ယာဥ်မောင်းက ကိုယ့်ကိုလွတ်အောင်မောင်းတတ်လို့ ယာဥ်မောင်းရဲ့အနောက်တည့်တည့်နေရာက အန္တရာယ်အကင်းဆုံးနဲ့ စိတ်အချရဆုံးနေရာမို့လို့ပါ။ ဒုတိယရာထူးကြီးတဲ့လူက အနောက်တံခါးနဲ့ကပ်ရပ်နေရာမှာထိုင်ရပြီး တတိယ ရာထူးကြီးတဲ့လူက အနောက်ကအလယ်ခံမှာထိုင်ရတယ်။ ဘာကြောင့်အလယ်ခုံမှာထိုင်ရလဲဆိုရင် အနောက်ထိုင်ခုံရဲ့အလယ်နေရာက ချိုင့်ဝင်နေတာတို့ ခုံးနေတာတို့ ပြောရမယ်ဆိုရင် ထိုင်ရတာ သက်သောင့်သက်သာမရှိတဲ့အတွက်ကြောင့် ကိုယ့်ထက်ရာထူးကြီးတဲ့လူကို ဘေးခုံမှာနေရာပေးပြီး ကိုယ်က အလယ်မှာထိုင်ရပါမယ်နော်။ ၄ယောက်စီးတဲ့အခါ ကိုယ်က ရာထူးအငယ်ဆုံးဆိုရင် အရှေ့မှာထိုင်တာက အကောင်းဆုံးပါ။ အရှေ့မှာထိုင်ရခြင်းအကြောင်းရတော့ ယာဥ်မောင်းကို သွားမယ့်နေရာလမ်းညွှန်တာတို့ ငွေပေးချေတာတို့ လုပ်ရမယ့်အတွက်ကြောင့်ပါ။

ဓါတ်လှေကားစီးတဲ့အခါ အထက်လူကြီးကို ဝင်ထွက်ရလွယ်တဲ့ အနောက်ဘက်ကနေရာကိုပေးရပါမယ်။ ကိုယ်ကဂျူနီယာဆိုရင် ဓါတ်လှေကားခလုတ်ရှိတဲ့နေရာမှာ နေရာယူပြီး အထက်လူကြီးတွေသွားချင်တဲ့ အထပ်ကို နှိပ်ပေးတာတို့ သူတို့ဓါတ်လှေကားအတက်အဆင်းလုပ်တဲ့အခါကျရင် အဖွင့်အပိတ်ခလုတ်ကို နှိပ်ပေးထားတာမျိုးတွေ လုပ်ရပါမယ်နော်။ အကယ်လို့ မိမိက အရင်ဆင်းတဲ့အခါမျိုးဆိုရင် {お先に失礼します。} ဆိုပြီး အရင်ဆင်းခွင့်ပြုပါဆိုပြီး နှုတ်ဆက်ရပါမယ်။ မိမိဓါတ်လှေကားစဝင်တဲ့အချိန်မှာ အထက်လူကြီးက ခလုတ်အရှေ့နေရာမှာ ရပ်နေတာမျိုးဆိုရင် {よろしければ階数のボタンを押します}ဆိုပြီး စိတ်မရှိဘူးဆိုရင် ခလုတ်ကိုနှိပ်ပေးပါ့မယ် ဆိုပြီး ခလုတ်အရှေ့မှာ နေရာယူပေးရပါမယ်။ တဖက်ကလူက နှပ်ပေးမယ်ဆိုလျှင် 「恐れ入ります, ありがとうございます」အားနာပါတယ် ကျေးဇူးတင်ပါတယ် ဆိုပြီး ပြောဖို့မမေ့ပါနဲ့နော်။ manner ဆိုတာကတော့ မလုပ်မနေရဆိုပြီး သတ်မှတ်ထားတာမျိုးမဟုတ်ပဲနဲ့ ကိုယ့်ဘက်က သိထားပြီး လုပ်သင့်တာမျိုးကို လုပ်နိုင်တယ်ဆိုရင်တော့ အလုပ်ခွင်မှာ အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ အလုပ်လုပ်နိုင်မှာတော့ အသေအချာပါပဲရှင်.....
ဒီတစ်ခေါက်မှာတော့ ဒီလောက်ပဲ နောက်အပတ်ကျရင်တော့ အစည်းအဝေးပွဲတွေတက်တဲ့အခါနဲ့ အလုပ်အင်တာဗျူးဖြေတဲ့အခါ အင်တာဗျူးတဲ့လူရဲ့ထိုင်ခုံကိုကြည့်ပြီး ရာထူးအကြီးအငယ်သိနိုင်ပုံတွေကို ဗဟုသုတအနေနဲ့ မျှဝေချင်ပါတယ်။ စောင့်မျှော်ပေးကြပါအုံးနော်....
copyright 2019 ARBEIT-TIMES CO.,LTD